ရန်ကုန်မြို့က စည်ပင်ရေ
အခုတလော ရန်ကုန်မြို့ရဲ့ အချို့သော မြို့နယ်တွေမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီအောက်မှာရှိတဲ့ ရေ ရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်း တာဝန်ခံ အဖွဲ့က ရေပိုက်လုံးကြီးများမြှုပ်နှံ ဆောင်ရွက် နေတဲ့ လုပ်ငန်းများကို သွားရင်းလာရင်း ကားပေါ်ကနေ တွေ့တွေ့နေရပါတယ်။
ရန်ကုန်မြို့တော်ကြီးဟာ အခြားအခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များထက် လူဦးရေပိုမိုများပြားသလို အလုပ်ရုံ၊ စက်ရုံတွေ အပြင် လူနေအဆောက်အအုံများကလည်း အလွန်ပင် များပြားလှပါတယ်။ စီးပွားရေး မြို့တော်လို့ သတ်မှတ်ခေါ်ဆိုမှုနဲ့အညီရေကြည် ရာ စီးပွားရှာသူတို့ လာရောက်အခြေချရာတိုင်းဒေသကြီးလည်း ဖြစ်ပါတယ်။
လူတစ်ဦးတစ်ယောက်မှာ စား၀တ်နေရေး ဆိုတဲ့ အရေးသုံပါးထက် အဓိက အကျဆုံး လိုအပ်ချက်က ရေကြည်ရေကောင်းကို နေ့စဉ် သောက်သုံးရဖို့ပဲ ဖြစ်ပါတယ်။
အဝီစိတွင်းရေကို ရယူသုံးစွဲနေရ ရန်ကုန်မြို့နေ လူတွေက ရေကြည် ရေကောင်းရဖို့ကို မြို့တော်စည်ပင်က နေ့စဉ် ပေးဝေနေတဲ့ ရေကိုရယူနေရသလို အဝီစိတွင်း က ရေကိုလည်း ရယူသုံးစွဲနေရတာ ဖြစ် ပါတယ်။
ရန်ကုန်မြို့ လူဦးရေဟာ ၂၀၁၄ ခုနှစ်ကကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရဆိုရင် ၅ ဒသမ ၁၆ သန်းရှိတယ်လို့ မှတ်တမ်းအရ သိရပါတယ်။ မြို့တော်စည်ပင်က ရေပေးဝေ နိုင်မှုက လူဦးရေ ၂ ဒသမ ၃၅ သန်းအတွက် လောက်သာ ပေးဝေနိုင်သေးတာကို လေ့လာ တွေ့ရှိနေရပါတယ်။ အဲဒီတော့ ကျန်တဲ့ ၂ ဒသမ ၈၁ သန်းဟာ မြေအောက်အဝီစိတွင်း ရေကိုသာ အားကိုးသုံးနေရသေးကြောင်း မှတ်ယူရမှာ ဖြစ်ပါတယ်။
ကြိုတင်မှန်းဆထားပြီးလည်းဖြစ် ကြာလာရင် မြေအောက်ရေ ရယူသုံးစွဲမှု အန္တရာယ်က ရန်ကုန်မြို့တော်ကြီးအပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာ၀န်ရှိသူတွေက ကြိုတင် မှန်းဆထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မြို့တော်စည်ပင်ရဲ့ ရေပေးဝေမှုကို အခုထက် အဆပေါင်းများစွာတိုးပြီး ပေးနိုင်အောင် စီမံကိန်းတွေ ချမှတ်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။
ရန်ကုန်မြို့တော်ကြီးမှာ စည်ပင်အနေနဲ့ တစ်ရက် ရေပေးဝေနိုင်မှုကို ဆန်းစစ်ကြည့်မယ် ဆို လှော်ကားကန်က ဂါလန် ၁၄ သန်း၊ ဂျိုးဖြူ ကန်က ဂါလန် ၂၇ သန်း၊ ဖူးကြီးကန်က ဂါလန် ၅၄ သန်း၊ ငမိုးရိပ်ရေသန့်စင်စက်ရုံက ဂါလန် သန်း ၉၀ နဲ့ မြေအောက်အဝီစိတွင်းပေါင်း ၄၉၅ တွင်းမှ ဂါလန်သန်း ၂၀ စုစုပေါင်းရေဂါလန် ၂၀၅ သန်းကို ဖြန့်ဝေပေးနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ရန်ကုန်မြို့နေပြည်သူအများ အတွက် ရေဖြန့်ဝေပေးနေမှုအပေါ် သိလို သမျှကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်း တာ၀န်ခံအဖွဲ့ဌာနမှူး (ဒုတိယ ညွှန်ကြားရေးမှူးချုပ်) ဦးမြင့်ဇော်သန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
“ရန်ကုန်မြို့တော်ကြီးရဲ့ ရေပေးဝေရေး စနစ်ကို ပြောရရင် မူလစတင်ပေးဝေခဲ့တဲ့ စနစ်က စပြောပြချင်ပါတယ်။ ရေပေးဝေရေး မှတ်တမ်းအရ ၁၈၄၂ ခုနှစ်က စတင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အဲဒီတုန်းက ရေတွင်း ကြီး ၃၀ ကနေ ရေကိုရယူပြီး ဖြန့်ဝေပေး ခဲ့တာလို့ သိရပါတယ်။ ၁၈၇၉ ခုနှစ်ကျမှ ကန်တော်ကြီးက ရေကိုယူပြီး ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ ၁၈၈၄ ခုနှစ်ကျတော့ အင်းလျား ကန်ရေကို သွယ်ယူပြီး ကန်တော်ကြီးကို ရေဖြည့်ခဲ့တာပါ။”
ကမ္ဘာမြေဆွဲအားနဲ့ပဲလွှတ် “လှော်ကားကန်ကနေ ရေပေးဝေရေးစနစ် ကို ၁၉၀၄ ခုနှစ်ကစခဲ့ပြီး ရန်ကုန်မြို့တော်ကြီး ကို ရေပေးဝေနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကစပြီး ကန်တော်ကြီးနဲ့ အင်းလျားကန်ကို ပြန်လည် ပြုပြင်ပြီး ပြည်သူအများအပန်းဖြေအနားယူနိုင် ဖို့ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ရေပေးတဲ့အခါ ကမ္ဘာမြေဆွဲအားကလည်း အရေးပါလှပါတယ်။ လှော်ကားကန်က ရေကို ကမ္ဘာမြေဆွဲအားနဲ့ ရေလွှတ်ပေးခဲ့ပြီး ဖိုးစိန်ရေတွန်းစက်က တစ်ဆင့် ရွှေတိဂုံဘုရားရေလှောင်ကန်ထဲကို တွန်းပို့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီကတစ်ခါ ကမ္ဘာမြေဆွဲအားနဲ့ပဲ ရွှေတိဂုံဘုရားလမ်း တစ်လျှောက်ကနေ ရန်ကုန်မြို့တွင်း ရပ်ကွက် တွေကို ရေပေးဝေခဲ့တာပါ။ လှော်ကားကနေလွှတ်တဲ့ နောက်တစ်လိုင်းက သိမ်ဖြူလမ်း အထိကိုပဲ ကမ္ဘာမြေဆွဲအားနဲ့ပဲ လွှတ်ပြီး ရပ်ကွက်တွေကို ပေးဝေနိုင်ခဲ့တာ ဖြစ် ပါတယ်။” ရေလုံလုံလောက်လောက် ဖြန့်ဖြူးပေး “နောက် ဂျိုးဖြူရေလှောင်ကန်နဲ့ ဂျိုးဖြူ ရေပေးဝေရေးစနစ်ပါ ၁၉၄၀ ပြည့်နှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ စနစ်ကျပြီး မြို့တော် အတွက် ရေပေးဝေရေးအင်္ဂါရပ်တွေနဲ့အညီ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါကိုလည်း ကမ္ဘာမြေဆွဲအားနဲ့ပဲ ရန်ကုန်မြို့တော်ကြီး မှာ ရေပေးခဲ့တာပါပဲ။ ဂျိုးဖြူရေပေးဝေရေးစနစ် မှာ ကုက္ကိုင်းရေလှောင်ကန်က အရေးပါပြီး အဓိက ကျခဲ့ပါတယ်။ ရေဂါလန်သန်း ၂၀ အထိ သိုလှောင်နိုင်တဲ့ ကန်ဖြစ်ပါတယ်။ မြို့လယ်ကောင် Downtown Area ကို ရေလုံလုံလောက် လောက် ဖြန့်ဖြူးပေးဝေနိုင်ခဲ့တာပါ။”
“အဲဒီခေတ်အခါက ရန်ကုန်မြို့လယ်ကို ပြန်ကြည့်ရင် အရှေ့မှ အနောက်ဆိုတာက သိမ်ဖြူလမ်းကနေ ဘုန်းကြီးလမ်း၊ မြောက်မှ တောင်ဆိုတာက ဗိုလ်ချုပ်အောင်ဆန်းလမ်း ကနေ ကမ်းနားလမ်းအထိပါ။ ခေတ်တွေ စနစ်တွေ ပြောင်းလာပြီးနောက်မှာ ကျယ်ပြန့် လာတာပါ။ လူဦးရေတွေ တစတစများပြားလာ ခဲ့တာပါ။ရေပေးဝေမှုတွေပိုမိုဖြန့်ကြက်လာ ရတာပါ။ မြို့ပြင်ဖြစ်တဲ့ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း စတဲ့မြို့နယ် တွေကိုပါ ဂျိုးဖြူကန်ကရေကို ကုက္ကိုင်းကန်၊ ရွှေတိဂုံဘုရားကန်တို့ကတစ်ဆင့် တိုးချဲ့ဖြန့်ဝေ ပေးလာရတာ ဖြစ်ပါတယ်။”
“မူလက ဂျိုးဖြူရေလှောင်ကန်ကနေ ရေကို ၅၆ လက်မရှိတဲ့ သံမဏိရေပိုက်လုံးကြီး တစ်လျှောက်ကို ကမ္ဘာမြေဆွဲအားနဲ့ ကုက္ကိုင်းရေလှောင်ကန်အထိ အရောက်ပို့ပေးနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ဂျိုးဖြူကန်နဲ့ ကုက္ကိုင်း ရေလှောင်ကန်အကြားကနေ ရေဖောက်ယူ ပေးလာရတဲ့အတွက် ရေဖိအားတွေ လျော့ကျ လာခဲ့ရပါတယ်။ ကုက္ကိုင်းကန်ပေါ်ကို ကမ္ဘာမြေဆွဲအားနဲ့ ရေက မရောက်နိုင်တော့ဘူး။ အဲဒီတော့ ရေကူးရေတွန်းအား စက်ရုံကနေ တစ်ဆင့် ရေကိုတွန်းပို့ရတဲ့ အနေအထား ဖြစ်လာပါတယ်။”
“နောက်တစ်ခါကိစ္စက ရေကူးရေတွန်းအား စက်ရုံနဲ့ ကုက္ကိုင်းရေကန်အကြားမှာပဲ လူနေ ရပ်ကွက်တွေ ရှိနေတဲ့အတွက် ဂျိုးဖြူပိုက် ကနေပဲ ရေကိုဖောက်ပေးရတာတွေ ရှိလာ ပြန်ပါတယ်။ အဲဒီလို ရေကိုဖောက်ပေးလာရတဲ့ အကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ ကုက္ကိုင်းကန်ကြီးကို ရေပြည့်အောင် မဖြည့် နိုင်တော့ဘူး။ ဒါ့အပြင် ဂျိုးဖြူပိုက်လိုင်း တစ်လျှောက်မှာက မင်္ဂလာဒုံ၊ မြောက်က္ကလာပ၊ မရမ်းကုန်းစတဲ့မြို့နယ်တွေကလည်း ဂျိုးဖြူ ရေကိုပဲ အဓိကသုံးစွဲမှုတွေရှိနေတော့ ခွဲဝေပေးနေရပြန်ရော။ ဒါကြောင့် မူလရည်ရွယ် ထားတဲ့ Downtown Area ကို ရေပေးဝေ နိုင်ရေးက အားနည်းမှုတွေ ဖြစ်လာရပြန်ပါ တယ်။”
“ဂျိုးဖြူရေပေးရေးစနစ်မှာက တစ်ရက်ကိုရေဂါလန် ၂၇ သန်းသာ ပေးဝေနိုင်တာမို့ အားလုံးမျှသုံးလာရတဲ့ အခြေအနေကြောင့် အချိန်ပိုင်း ရေပေးဝေရေးစနစ် ဖြစ်ပေါ်လာ ရခြင်းပါ။ အဲဒါကြောင့် Ground Water (မြေအောက်ရေ)ကို အားကိုးပြီး ရေပေးဝေရေးစနစ် ကို စတင်အသုံးပြုလာရတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြေအောက်ရေက ထုတ်ယူသုံးစွဲမှု အချိန်ကြာလာတာနဲ့အမျှ ရေအရည်အသွေး က တဖြည်းဖြည်းနဲ့ ကျဆင်းလာတတ်တဲ့ သဘောရှိပါတယ်။”
“ဆက်ပြောရမယ်ဆိုရင်တော့ အဲဒီလို အခြေအနေမျိုးတွေ ဖြစ်လာလိမ့်မယ်လို့လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေနဲ့ ကြိုတင်တွက်ဆ မှန်းဆထားပြီး လည်း ဖြစ်ပါတယ်။ နောက်ထပ်ရလာနိုင်မယ့်ရေအရင်းအမြစ်တွေကနေရယူပြီး ပေးနိုင်ဖို့ ကိုလည်း Master Plan တွေ ရေးဆွဲပြီးသား ပါ။ အခု ကုက္ကို၀ရေပေးဝေရေးစီမံကိန်းကို JICA ODA Loan နဲ့ အကောင်အထည်ဖော်နေပါပြီ။ လာမယ့် ၂၀၂၅ ခုနှစ်မှာ စီမံကိန်း ပြီးစီးမယ်။ အဲဒီအခါကျရင်တော့ ရေပေးဝေ ရေးဇုန် ၁ ဖြစ်တဲ့ Downtown Area အပြင် မြို့နယ် ၁၄ မြို့နယ်ကိုပါ ရေအပြည့်အ၀ ပေးဝေသွားနိုင်တော့မှာပါ။ အဲဒီစီမံကိန်း က ပထမအဆင့်မှာကို တစ်ရက် ရေဂါလန် သန်း ၆၀ အထိ ပေးနိုင်မှာပါ။”
“နောက်တစ်ခါ တစ်ဆက်တစ်စပ်တည်းရေပေးဝေရေးဇုန် ၉ ဖြစ်တဲ့ လှိုင်သာယာ မြို့နယ်ကိုပါ ပေးနိုင်တဲ့အဆင့်အထိရှိလာမှာ ပါ။ စီမံကိန်းက စတုတ္ထအဆင့်အထိ သွားမှာ ဆိုတော့ ဒီစီမံကိန်းကြီးပြီးသွားရင် တစ်ရက်ကိုရေဂါလန်ပေါင်း ၁၈၀ အထိ ပေးဝေသွားနိုင် တော့မှာ အသေအချာပါပဲ။”
“JlCA ODA Loan နဲ့ပဲ ဆောင်ရွက်နေတဲ့နောက်စီမံကိန်းတစ်ခုက လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းပါ။ ၂၀၂၂ ခုနှစ်မှာ ပြီးမယ်။ ရေပေးဝေရေးဇုန်တွေဖြစ်တဲ့ ၇ နဲ့ ၈ မှာရှိတဲ့ ဒဂုံလေးမြို့နယ်အပြင် သီလဝါအထူးစီးပွားရေးဇုန်အထိ တစ်ရက်ကို ရေဂါလန်သန်း ၄၀ လောက်အထိ ပေးဝေသွားနိုင်မယ့်အစီအစဉ် တွေရှိပါတယ်။”
“ ADB ODA Loan နဲ့ပဲ အကောင်အထည် ဖော်နေတဲ့ နောက်ထပ်စီမံကိန်းတစ်ခုကတော့ ငမိုးရိပ်ရေလှောင်ကန်ကနေ ရေကိုပိုက်လိုင်း တွေနဲ့ သွယ်ယူပြီး ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)၊ အဲဒီကနေတစ်ဆင့် တစ်ရက် ကို ရေဂါလန်သန်း ၁၈၀ ထိ ပေးဝေနိုင်ဖို့ပါ။ စီမံကိန်းက လက်ရှိဒုတိယအဆင့်အထိ ပြီးနေ ပါပြီ။ အခုရေသန့်စက်ကနေ တစ်နေ့ရေဂါလန်သန်း ၉၀ ပေးနေပါပြီ။ အဲဒီစီမံကိန်း ကလည်း စတုတ္ထအဆင့်အထိသွားမှာပါ။ အဲဒီ ကနေ ရေပေးဝေမှုကဇုန် ၂ နှင့် ၃၊ ၄၊ ၅ အရှေ့ ပိုင်းနဲ့ ဇုန် ၆ တို့ကို ပေးဝေသွားမှာပါ။”
“လှော်ကားကနေ ရေပေးဝေရေးစီမံကိန်း ကိုတော့ AFD ODA Loan နဲ့ပဲ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဇုန် ၃ နဲ့ ၄ တို့ရဲ့ အနောက်ပိုင်းအတွက် ရည်ရွယ်တာပါ။ စီမံ ကိန်း ရေးဆွဲထားပြီး ဖြစ်ပါတယ်။ ဒလမြို့နယ် ပါ၀င်နေတဲ့ ဇုန် ၁၀ ကိုတော့ တိုးမြစ်ရေ ပေးဝေရေးစီမံကိန်းကနေ ပေးဝေဖို့အစီအစဉ် ရှိထားပါတယ်။ စီမံကိန်းအမြန်ဆုံးအကောင် အထည်ဖော်ဖို့ကိုလည်း အကောင်းဆုံးသော နည်းလမ်းတွေကို ရွေးချယ်လျက်ရှိနေပါတယ်။ ရေလုံလောက်စွာ ပေးနိုင်ဖို့အတွက် ရေတို (Short Team)နည်းလမ်းအရ ရန်ကုန်ပေါက် ရေပေးဝေရေးစခန်းကို အဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။ ရေရှည်အဓိက (Mid Term) အနေနဲ့ပါ။ တွံတေးတူးမြောင်းဘေး တွံတေး မြို့နယ် ဘုရားကြီးစုကျေးရွာအနီးမှာ Japan JICS Grant ဖြင့်ရေသန့်စင်စက်ရုံကို ၂၀၂၂ ခုနှစ်မှာ အပြီးတည်ဆောက်သွားဖို့ အစီအစဉ် တွေက ရှိပြီးသားပါ။”
“ဒါဆို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်တီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာ၀န်ခံအဖွဲ့အနေနဲ့ တိုးတက်လာ တဲ့ လူဦးရေနဲ့အညီ ရန်ကုန်မြို့ကြီးတစ်မြို့လုံး ကို လွှမ်းခြုံနိုင်စေမယ့် ရေပေးဝေရေးအစီအမံ တွေကို သိရှိနိုင်ပြီလို့ထင်ပါတယ်။ ဒါကြောင့် ရန်ကုန်ရေချစ်သူတွေ မကြာမီကာလမှာ သန့်ရှင်းကြည်လင်တဲ့ ရေကောင်းရေသန့်တွေ ကို လုံလုံလောက်လောက် ပြည့်ပြည့်၀၀ ကြီးသုံးစွဲလာနိုင်တော့မှာ ဖြစ်ပါတယ်။”
“တစ်ဆက်တည်းပဲ ရန်ကုန်ရေချစ်သူတွေ ကိုမေတ္တာရပ်ခံချင်တာကတော့ စီမံကိန်းများ မပြီးသေးမီ (ရေအရင်းအမြစ်သစ်များ မတိုးချဲ့ နိုင်သေးမီ)မှာ ရရှိထားပြီးဖြစ်တဲ့ ရေများကို အချိန်ပိုင်း မျှဝေသုံးစွဲကြဖို့ မေတ္တာရပ်ခံ လိုပါတယ်။ နောက်တစ်ချက်က ရရှိပြီးသားရေများကို အကျိုးရှိရှိ အသုံးပြုကြစေချင် ပါတယ်။ အဓိက ရေအလေအလွင့်နည်းပါး နိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းပေးကြပါလို့ ပန်ကြားလိုပါတယ်”လို့ဆိုရင်း အဆုံးသတ်ခဲ့ ပါတယ်။ ။
#မြန်မာ့အလင်း
#CleanYangon
#CleanMyanmar
တင်၀င်းလေး(ကြည့်မြင်တိုင်) ဓာတ်ပုံ YCDC