အမှိုက်ကောက်တဲ့ သမီးလေးသို့
သမီးရေ
Clean Yangon လှုပ်ရှားမှုမှာ သမီးတို့ အမှိုက်ကောက်ခဲ့တဲ့ပုံလေးတွေ ဖေ့စ်ဘွတ်ခ်မှာ ၂နှစ်ပြည့် အနေနဲ့ တက်လာတာ ဒီနေ့တွေ့ရတယ်။ သမီးမေမေကတော့ သမီးကဒီ၂နှစ်အတွင်းမှာ အကြိမ်ပေါင်းများစွာ ပါ၀င်ပြီး ကူညီအမှိုက်ကောက်ပေးခဲ့တယ်လို့ပြောတယ်။
သိပ်ကောင်းတဲ့လုပ်ရပ်ပါ။ တစ်ချို့က အမှိုက်လိုက်ကောက်တယ်ဆိုတာ ကြားတော့ စတန့်ထွင်တယ်၊ ပေါ်ပျူလာဖြစ်ချင်လို့ လုပ်တယ်လို့ ထင်ကြလိမ့်မယ်၊ တစ်ချို့ကလည်း အမှိုက်လိုက် ကောက်ရတာ ရှက်စရာလို့ ထင်ကြလိမ့်မယ်။ တကယ်ကတော့ အမှိုက်ကိုစည်းကမ်းမဲ့ စွန့်ပစ်တာ ကမှ ရှက်စရာပါ။
ဒါပေမဲ့ သမီးတို့ အမှိုက်တွေကို လိုက်ကောက်နေရုံနဲ့ ဒို့နိုင်ငံရဲ့ အမှိုက်ပြဿနာက ပြီးသွားမှာ မဟုတ်ဖူး။ လူတွေကို အမှိုက်တွေကို စွန့်ပစ်တဲ့အခါ ပမာဏ လျော့ကျလာအောင်၊ အမှိုက် အမျိုးအစားတွေခွဲပြီး စည်းကမ်းတကျ စွန့်ပစ်တတ်လာအောင် နိုင်ငံတော်အစိုးရက ယခုထက်ပိုပြီး အားတက်သရော ပညာပေး၊ ပြန်ကြားပေး၊ ဟောပြောစည်းရုံးပေးဖို့လိုမယ်။
အမှိုက်တွေထဲမှာ အဆိုးရွားဆုံးနဲ့ သတိထားရမဲ့ အမှိုက်အမျိုးအစားကတော့ ပလပ်စတစ်စွန့်ပစ် ပစ္စည်းတွေပဲ။ စျေးသက်သာခြင်း လွယ်ကူခြင်းဆိုတာတွေကြောင့် ပလပ်စတစ်ပစ္စည်းတွေဟာ တို့ တွေရဲ့ လူနေမှုဘ၀ထဲမှာ အလွန်အမင်း ထဲထဲ၀င်၀င်ကို ၀င်ရောက်နေရာယူထားပြီးကြပြီ။ အထူးသဖြင့် မုန်းစရာအရမ်းကောင်းတဲ့ ကြွပ်ကြွပ်အိပ်တွေပေါ့။
ဖေဖေတို့ငယ်ငယ် ဟိုးဆိုရှယ်လစ်ခေတ်တုန်းကဆို ကြွပ်ကြွပ်အိပ်တွေ မရှိသေးဖူး။ ရှိခဲ့ရင်လည်း အသုံးအရမ်းနည်းပါတယ်။ အဲဒီတုန်းက ရိုးရိုးပလပ်စတစ်အပျော့အိပ်တွေပဲသုံးကြတာများတယ်။ ဒါတောင် ဇီးထုပ်လို မုန့်ထုပ်မျိုးမှာပဲသုံးတာ။ ခေါက်ဆွဲကြော် သွား၀ယ်ရင် ဖက်နဲ့ထုပ်ပြီး သင်ကြိုး နဲ့ချည်ပေးလိုက်တာကို ဆွဲလာရတာ။ အိမ်ရောက်လို့ ခေါက်ဆွဲကြော်ကို ပန်းကန်ထဲထည့်ပြီးတာ နဲ့ ထုပ်လာတဲ့ဖက်နဲ့သင်ကြိုးကို လွယ်လွယ်ကူကူ အိမ်နောက်ဖေး ပစ်လိုက်ကြတာပဲ။ နောက် တစ်လလောက်ကြာလို့ သွားပြန်ကြည့်ရင် အဲဒီဖက်နဲ့သင်ကြိုးက မြေကြီးထဲမှာ မြေသြဇာဖြစ်သွား လောက်ပြီ။
မုန့်ဟင်းခါး သွား၀ယ်ရင်လည်း အိမ်ကနေ ချိုင့်လေးနဲ့သွားရတယ်။ လက်ဖက်ရည်ဆိုင်မှာ လက်ဖက် ရည်သွား၀ယ်ရင်လည်း တစ်လုံးချိုင့်လေးနဲ့ပဲ။ စျေးသွားရင်လည်း ဆွဲခြင်းလေးနဲ့၊ စျေးသည်က ချိန်ပြီးတဲ့ အာလူးတို့ ခရမ်းချဉ်သီးတို့လိုဟာမျိုးဆို ဆွဲခြင်းထဲဒီအတိုင်း ထည့်လိုက်တာပဲ၊ သားငါးဆိုမှ ဆွဲခြင်းထဲက ကျန်တဲ့ပစ္စည်းနဲ့ မရောအောင် ဖက်နဲ့ထုပ်ပေးလိုက်တာ။
ကုလားပဲတို့ ပဲနီလေးတို့လို အစေ့သေးသေးလိုမျိုးဆိုရင် စက္ကူအိပ်နဲ့ထည့်ပေးတာ။ ဖေဖေတို့ ငယ်ငယ်က နွေရာသီကျောင်းပိတ်ပြီဆို ဗလာစာအုပ်အဟောင်းတွေကို အလယ်က ပင်တွေဖြုတ်၊ ထွက်လာတဲ့ စာရွက်တွေကို အိပ်လုပ်ပြီး ကုန်စုံဆိုင်မှာသွားသွင်းတာ။ ဘယ်လောက်မှတော့ မရပါဖူး။ အိပ်(၁၀၀)မှ တစ်ကျပ်လားရတာ။ ဒါပေမဲ့ ကိုယ့်လုပ်အားနဲ့ရလာတဲ့ ပိုက်ဆံလေးတွေကို ကိုင်ပြီး အရမ်းပျော်ခဲ့ရတာပေါ့။
ဆိုရှယ်လစ်ခေတ်ဆိုတော့ ပလပ်စတစ်ကုန်ကြမ်းဖြစ်တဲ့ ကော်စေ့တွေ သွင်းခွင့်ပိတ်ပင်ထားတော့ ကုန်ကြမ်းရဖို့ အမှိုက်တွေထဲမှာရှိတဲ့ ပလပ်စတစ်တွေကို ဆင်းရဲတဲ့ ကလေးငယ်လေးတွေက လိုက်ကောက်ပြီး ပလပ်စတစ်အဟောင်း၀ယ်တဲ့ ဒိုင်မှာပြန်သွင်းကြရတယ်။
သူတို့က ခပ်တောင့်တောင့် ဝါးလုံးသေးသေး တစ်ချောင်းထိပ်မှာ သံချွန်တစ်ချောင်းကို ကိုးဆယ် ဒီဂရီကောက်ထားပြီး အဲဒိသံချွန်နဲ့ အမှိုက်တွေထဲက ပလပ်စတစ် အဟောင်းတွေကို လိုက်တူးဆွ ရှာဖွေပြီးနှိုက်ယူတာ။ အဲဒိခေတ်ကဆို "ပလပ်စတစ်ကောက်တဲ့ ကောင်လေးတွေ" ဆိုတဲ့စကား တစ်ခုက မကြာခဏကြားနေရတဲ့စကားတစ်ခုပေါ့။
၈၈ အရေးအခင်းကြီးပြီးလို့ စျေးကွက်စီးပွါးရေးဆိုတဲ့ ခေတ်ကြီးထဲလဲရောက်ရော ပစ္စည်းတွေတော် တော်များများ လွယ်လွယ်ကူကူ တင်သွင်းလို့ရလာပြီ။ အဲဒိမှာပဲ တို့နိုင်ငံကို ဒုက္ခပေးမဲ့ ကြွပ်ကြွပ်အိပ် ဆိုတဲ့ မောင်မင်းသားကြီးကို စီးပွားရေးသမားတွေက ယိုးဒယားကနေတင်သွင်းလာခဲ့ကြတယ်။
ကြွပ်ကြွပ်အိပ် အသေးဆုံးဆိုဒ်ကို (၅x၉) ငါးကိုးလို့ခေါ်တယ်(အကျယ်၅လက်မ အမြင့်၉လက်မရှိလို့) သူ့အထက်က (၆x၁၁)၊ သူ့အထက်က (၆x၁၄)၊ သူ့အထက်က (၉x၁၈)။ ပြောရရင်တော့ အဲဒိ ၄ဆိုဒ်က ဖေဖေတို့ လူမှုဘဝတွေမှာ အသုံးအများဆုံး အမှိုက်အဖြစ် ဒုက္ခအပေးဆုံးStandard Size တွေပေါ့။ နောက်တော့ ကျန်ကျောင်းပုံနဲ့ထုတ်တဲ့ ခေါင်းအုံးတို့ စောင်တို့တောင်ထည့်လို့ရတဲ့ ကျန်ကျောင်းအိပ်ဆိုတဲ့ အရွယ်အကြီးကြီးတွေပါထွက်လာတယ်။
နိုင်ငံခြားကနေ တင်သွင်းတာဖြစ်တဲ့အတွက် သုံးတဲ့နေရာမှာ အခုလောက် ဘုံးပေါလအောမသုံးကြ သေးဖူး။ နောက်ပိုင်ကတော့ ကြွပ်ကြွပ်အိပ်လုပ်တဲ့စက်ပစ္စည်းတွေ တင်သွင်းလို့ရလာပြီး ကုန်ကြမ်း တွေလည်းတင်သွင်းလို့ရလာတဲ့အတွက် ကုန်ကြမ်း၀ယ်ပြီး လို့တို့နိုင်ငံထဲမှာပဲ ပလပ်စတစ်အိပ်တွေ ကို ထုတ်လုပ်လာကြတော့တယ်။
အဲဒိအချိန်မှာ တို့တစ်ချိန်က ကိုယ်ကြွပ်ကြွပ်အိပ်၀ယ်ယူခဲ့တဲ့ နိုင်ငံကကြွပ်ကြွပ်အိပ် သုံးတာလျှော့ချဖို့ လုပ်နေပြီ။ ဖေဖေတို့တွေရဲ့ခေတ်နောက်ကျချက်တွေကတော့ ပြောမနေပါနဲ့တော့။
ကိုယ့်နိုင်ငံထဲမှာထုတ်တော့ အရည်အသွေးကညံ့ပြီး စျေးကပေါလာတယ်။ စျေးပေါပြီး ၀ယ်ရလွယ် ကူတော့ ဘုန်းပေါလအောနဲ့ အလွန်အမင်းသုံးစွဲလာကြတယ်။ အလွန်အမင်းဆိုမှ တကယ့်ကို အလွန်အမင်းပါကွယ်။ လူများစုက ပညာရေးနိမ့်တဲ့အတွက် ကြွပ်ကြွပ်အိပ်ရဲ့ဒုက္ခကိုမသိကြဖူး၊ အစိုးရကလည်း သူကြာရှည်ရပ်တည်ဖို့တစ်ခုတည်းပဲစဉ်းစားပြီး သဘာ၀ပါတ်၀န်းကျင်ကို ချစ်ရ မှန်း၊ ထိန်းသိမ်းရမှန်း မသိပဲ ဖြစ်ချင်တိုင်းဖြစ်ခဲ့ကြတာပေါ့။
အဲဒိအရှိန်တွေက အခုထိမသေသေးဖူး သမီးရေ။ မနက်မိုးလင်း မျက်စေ့နှစ်လုံးဖွင့်ကတည်းက တို့ ဘဝတွေဟာ ကြွပ်ကြွပ်အိပ်နဲ့အတူ စခဲ့ကြတယ်လို့ပြောရင် လွန်မယ်မထင်းဖူး။ ပဲပြုတ်သည်က ပဲပြုတ်ကို (၅x၉) အိပ်ကလေးမှာထည့်ပြီး ခေါင်းလောင်းကြိုးမှာချည်ပေးလိုက်တယ်၊ အထပ်မြင့် မှာနေတဲ့ တိုက်ခန်းရှင်ကဆွဲတင်ပြီး ခေါင်းလောင်းကြိုးနဲ့ပဲ ပိုက်ဆံပြန်ချပေးလိုက်တယ်။နောက် နာရီ၀က်လောက်အတွင်းမှာ ခုနကပဲပြုတ်ထည့်ထားတဲ့ ကြွပ်ကြွပ်အိပ်ကလေးက အမှိုက်ဘ၀ ကို ရောက်သွားပြီ။
ဖေဖေတို့ငယ်ငယ်ကဆို ပဲပြုတ်သည်က အိမ်ပေါက်၀အထိရောက်တာလေ။ ကြေးချိန်ခွင်လေးနဲ့ ချိန်ပေးတာပေါ့။ ၀ယ်တဲ့သူကကြွေရည်သုတ်ဇလုံလေးကိုင်ပြီးစောင့်နေရတာ။ အိမ်တွေက အခုလို တိုက်ခန်းတွေ လည်းမဟုတ်သေးဖူးလေ။ပဲပြုတ်၀ယ်တာနဲ့ပါတ်သက်ပြီး ဘာအမှိုက်မှထွက်လာ စရာ အကြောင်းမရှိခဲ့ဖူး။
အခု သမီးမေမေကို လှည်းတန်းစျေးကိုလိုက်ပို့ရတိုင်း ဖေဖေက ကားပေါ်ကထိုင်စောင့်ရင်း ရန် ကုန်ရဲ့ လူနေမှု့ဘဝတွေကို ၀တ္တုလိုသဘောထားပြီး ကြည့်ရှု ဖတ်နေမိတယ်။ လင်မယားနှစ် ယောက် တိုက်ခန်းပေါ်က ဆင်းလာတယ်၊ စျေးထဲကိုစျေး၀ယ်ဖို့၀င်သွားတယ်။ လက်ထဲမှာ ဘာဆွဲ ခြင်းမှ မပါဖူး။ တစ်ယောက်ကပိုက်ဆံအိပ်ကိုင်ထားတယ်။ တစ်ယောက်က ဟန်းန်ဖုန်းကိုင်ထား တယ်။ စျေးထဲက ပြန်ထွက်လာတော့ ၀ယ်လာတဲ့ ပစ္စည်းတွေကို ကြွပ်ကြွပ်အိပ်အရွယ်စုံနဲ့ထည့်ပြီး သူတို့ရဲ့ ဘယ်ညာလက်ချောင်းကွေးလေးတွေ အားလုံးထဲမှာထည့်ချိတ်သယ်လာတယ်။လက်မှာ ကြွပ်ကြွပ်အိပ် ပဒေသာပင်သီးထားသလိုပဲ။
အိမ်ရောက်တော့ ကြွပ်ကြွပ်အိပ်ထဲက ပစ္စည်းတွေကို ထုတ်ယူအပြီးမှာ အခုလေးတင်အိပ်အဖြစ် အသုံး၀င်ခဲ့တဲ့ ကြွပ်ကြွပ်အိပ်ကလေးတွေဟာ ချက်ချင်းပဲ အမှိုက်ဘဝရောက်သွားပြီ။ ကြွပ်ကြွပ် အိပ်ကို လွယ်လွယ်သာသုံးချင်ပေမဲ့ ရေစိုနေတဲ့ ငါးညှီစော်နံနေတဲ့ ကြွပ်ကြွပ်အိပ်ကျတော့ အိမ်မှာ ကြာကြာမထားချင်ကြဖူးလေ။ အမှိုက်ကလည်း ညနေစာင်းမှ လမ်းထိပ်အမှိုက်ပုံကိုသွားပစ်ရတဲ့ စနစ်ဆိုတော့ တစ်ချို့တစ်တွေက မီးဖိုချောင်ပြူတင်းပေါက်ကနေ နောက်ဖေးလမ်းကြားကိုပဲပစ်ချ လိုက်ကြတော့တယ်။ဒီလိုလူတွေကို ပညာမပေးနိုင်သမျှ တို့နိုင်ငံရဲ့အမှိုက်ပြဿနာက ပြေလည်မှာ မဟုတ်လောက်ဖူး။
စျေး၀ယ်တဲ့သူတွေ ကိုယ်တိုင်က ဘာ၀ယ်၀ယ်ကြွပ်ကြွပ်အိပ်နဲ့ထည့်စေချင်နေတော့ စျေးရောင်း တဲ့ (ပညာရေးနိမ့်တဲ့) စျေးသည်တွေကလည်း ကြွပ်ကြွပ်အိပ်တွေကို မဖြစ်မနေဆောင်ထားပြီး တွင် တွင်ကျယ်ကျယ်သုံးကြတော့တာပေ့ါ။စျေးရောင်းတဲ့ စျေးသည်တွေကိုလည်း ကြွပ်ကြွပ်အိပ် အမှိုက်ရဲ့ ဒုက္ခကို နားလည်သဘောပေါက်အောင် လိုက်ပြီးပညာပေးဖို့လိုတယ်။ သမီးတို့လည်း အမှိုက်ကြီးပဲ ကောက်မနေပဲ တစ်ခါတစ်လေ ရပ်ကွက်စျေးလေးတွေထဲသွားပြီး ကြွပ်ကြွပ်အိပ်တွေ ကို လျှော့ချသုံးစွဲဖို့ ပညာပေးဟောပြောမှုလေးတွေ လုပ်ပေးသင့်တယ်။
ကြွပ်ကြွပ်အိပ်နဲ့ ပါတ်သက်ပြီး ဆရာအော်ပီကျယ်ဆွဲထားတဲ့ ကာတွန်းလေးတွေကို သဘောကျ မိတယ်။ R ၆လုံးလားမသိဖူးရှိတယ်။ ဖေဖေတော့အကုန်မမှတ်မိတော့ပါဖူး။ မှတ်မိသလောက်ပြော ပြမယ်။
Reduce. လျှော့ချပါတဲ့။ ဒါကရှင်းပါတယ်။ လျှော့သုံးမယ်၊ မဖြစ်မနေသုံးရမဲ့အခါမျိုးမှာမှ သုံးမယ်။ စျေးသွားရင်ဆွဲခြင်းယူသွားပေါ့။ ပဲနီလေး အစိတ်သား၀ယ်တယ် ကြွပ်ကြွပ်အိပ်နဲ့ထည့် ပေးတယ်။ အိုကေ လက်ခံလို့ရတယ်။ ယမ်ယမ်ခေါက်ဆွဲ ၃ ထုပ်၀ယ်တယ် ရောင်းတဲ့သူက ကြွပ်ကြွပ်အိပ်နဲ့ ထည့်ပေးရင်တော့ ငြင်းလိုက်တော့။ ဒါဘာမှအဓိပ္ပါယ်မရှိဖူး အိမ်ရောက်ရင် သက်သက် အမှိုက် ရှုပ်တာပဲ ရှိမယ်။
မုန့်ဟင်းခါးသွား၀ယ်ရင် ဟင်းရည်ထည့်ဖို့ ချိုင့်ယူသွားပါ။ တစ်ချို့မုန့်ဟင်းခါးဆိုင်တွေက ပါဆယ် အတွက်ဆိုပြီး မုန့်ဖတ်တစ်ပွဲစာကိုကို ၅x၉ အိပ်ကလေးတွေနဲ့ အသင့်ထုပ်ပေးထားတယ်။ ၀ယ်တဲ့ သူက မုန့်ဟင်းခါး ၅ပွဲ ပါဆယ်ဆိုတာနဲ့ သူတို့က ငါးထုပ်ကောက်ထည့်လိုက်တာပဲ။သူတို့ကတော့ အချိန်ကုန်သက်သာအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေ့ါ။ ဒါပေမဲ့ ၀ယ်တဲ့သူကတော့ မုန့်ဖတ်နဲ့ အတူ အိမ်ကို ကြွပ်ကြွပ်အိပ်အမှိုက်တွေ ၅အိပ်တောင်သယ်နေရတာလေ။
ဖေဖေကတော့ အဲဒါမျိုးဆို လက်မခံဖူး။ ၆x၁၁ အိပ်တစ်အိပ်တည်းမှာပဲ မုန့်ဖတ်၅ပွဲစာကို တစ် ပေါင်းတည်းထည့်ပေးပါလို့တောင်းဆိုတယ်။ အိမ်ကို ၅x၉ ကြွပ်ကြွပ်အိပ် ၅အိပ်ပါလာမဲ့အစား ၆x၁၁ ကြွပ်ကြွပ်အိပ်တစ်အိပ်ပဲ အပါခံဖို့ ကြိုးစားတယ်။
တို့မြန်မာပြည်က လူလတ်တန်းစားတော်တော်များများရဲ့ ဧည့်ခန်းဘီရိုရှိုးကေ့စ်ထဲမှာ ထမင်းစား ပန်းကန်ပြားအသစ်တွေ တီးဆက်(ကော်ဖီခွက်အစုံလိုက်)တွေ နဲ့အတူ စတီးလ်ချိုင့်တွေကို ရှိုးအ ဖြစ်ပဲ ပြထားတယ်။ အဲဒိထဲကချိုင့်တွေကို ထုတ်မသုံးပဲ ကြွပ်ကြွပ်အိပ်နဲ့ပဲ မုန့်ဟင်းခါး၀ယ်နေတာ အမှိုက်တွေကို အိမ်သယ်နေတာနဲ့အတူတူပဲ။
နောက် R တစ်လုံးက Reject . ငြင်းပယ်ပါ။Reject က Reduce နဲ့ တော်တော်နီးစပ်ပါတယ်။ ဒါပေမဲ့ Reject ဖြစ်တဲ့အတွက် လုံး၀ကို ငြင်းပယ်ခြင်းပါ။
တစ်ခါတုန်းက တက္ကသိုလ်ထဲက စာအုပ်စျေးရောင်းပွဲတော်တစ်ခုကို ဖေဖေသွားခဲ့တယ်။ စာပေ တိုက်တွေအသီးသီးက ရောင်းတဲ့စာအုပ်တွေထဲက နှစ်သက်ရာစာအုပ်တစ်ချို့ကို၀ယ်ခဲ့တယ်။ စာပေတိုက်တိုင်းက စာအုပ်တစ်အုပ်ပဲ၀ယ်လည်း ကြွပ်ကြွပ်အိပ်နဲ့ထည့်ပေးတယ်။
စာပေတိုက် ၄ခုကနေ စာအုပ်လေးအုပ်၀ယ်ရင် လက်ထဲမှာ ကြွပ်ကြွပ်အိပ်လေးလုံးတော့ ဆွဲရပြီ။ ကြွပ်ကြွပ်အိပ်ကို လျှော့ချချင်တာနဲ့ ပထမဦးဆုံးဆိုင်ကတည်းက ရခဲ့တဲ့အိပ်မှာပဲ နောက်ဆိုင်တွေ မှာ ၀ယ်တဲ့စာအုပ်တွေကို ပေါင်းထည့်ခဲ့တယ်။ စာအုပ်၄ အုပ်ကို ကြွပ်ကြွပ်အိပ်တစ်အိပ်တည်းနဲ့ ထည့်ဆွဲခဲ့တာပေ့ါ။ အဲဒိအချိန်မှာပဲ ဖေဖေ့သူငယ်ချင်း သတ္တဗေဒဌါနက ဆရာမတစ်ယောက်နဲ့ တွေ့တယ်။သူ့ရင်ခွင်ထဲမှာ စာအုပ်တစ်ချို့ကို ပွေ့ပိုက်ထားတယ်။
သူကတော့ စာအုပ်တွေကို ကြွပ်ကြွပ်အိပ်နဲ့ထည့်ပေးတာကို လုံးဝြငင်းဆိုတယ်တဲ့။ သူမှန်တယ် သမီး။ ကိုယ်နိုင်သလောက် လက်နဲ့သယ်နိုင်သလောက်ဆိုရင် လက်နဲ့သယ်တာအကောင်းဆုံး ပဲလေ။အဲဒိတော့ တို့တွေရဲ့အသိထဲမှာ မလိုအပ်ပဲနဲ့ ကြွပ်ကြွပ်အိပ်တွေကို လက်မခံမိဖို့လိုတယ်။ အိမ်ရောက်တာနဲ့ ဒီအိပ်တွေဟာ အမှိုက်ဖြစ်သွားမှာဆိုတဲ့ အတွေး လူတိုင်းတွေးထားရမယ်။
စူပါမားကက်ကြီးတွေမှာ စျေး၀ယ်ရင်လည်း တတ်နိုင်သမျှအိပ်တစ်အိပ်ထဲမှာပဲ ပေါင်းထည့်စေချင် တယ်။ ဟိုတစ်လောကပဲ တိုင်၀မ်ကကုန်တိုက်တစ်ခုကို စျေး၀ယ်ရင်း ဖေဖေရောက်ခဲ့တယ်။ စျေး ၀ယ်ပြီး ပိုက်ဆံရှင်းတော့ ငွေရှင်းကောင်တာက တရုပ်မလေးက တရုပ်ကလို ကွိကွိကွကွ မေး တယ်။ သူပြောတာနားမလည်ပါဖူး။ ဖြစ်နိုင်တာကcard နဲ့ရှင်းမှာလား၊ member card ပါလား ဖြစ်မှာပေ့ါ။ လက်ထဲမှာ ပိုက်ဆံထောင်ပြလိုက်တော့ နောက်ထပ်ကွိကွိကွကွ ထပ်မေးပြီး ချိတ်ထား တဲ့ ကြွပ်ကြွပ်အိပ်ကို သူ့လက်က လှမ်းကိုင်တယ်။ သိလိုက်ပြီ ကြွပ်ကြွပ်အိပ်နဲ့ထည့်မှာ လားလို့ မေးတယ်ဆိုတာ။ ခေါင်းငြိမ့်ပြလိုက်တော့ ဆတ်ကနဲ့ ကြွပ်ကြွပ်အိပ်ကို ဆွဲဖြုတ်လိုက်ပြီး ကွန်ပျူ တာကီးဘုတ်မှာ ပိုက်ဆံဂဏန်းတစ်ခုရိုက်ပြီး enter နှိပ်ချလိုက်တယ်။ ဆိုလိုတာက ကြွပ်ကြွပ်အိပ် အလကားမပေးဖူး။
ဘယ်သူပဲဖြစ်ဖြစ် အလကားရရင် များများလိုချင်ကြတယ်မလား။ ကြွပ်ကြွပ်အိပ်ဖိုးပါ ပိုက်ဆံထည့် ရှင်းရတော့ နဲနဲတော့ တွန့်သွားကြမှာပေ့ါ။ ဒါဟာကြွပ်ကြွပ်အိပ်ကို လျှော့ချသုံးစွဲချင်လာအောင်လုပ် တဲ့နည်းတစ်မျိုးပဲ။ ဖေဖေတို့ဆီမှာလည်း အဲဒါမျိုးကျင့်သုံးသင့်တယ်။
နောက် R တစ်ခုကတော့ Reuse ၊ ပြန်သုံးပါပေ့ါ။ မှန်တယ်။ သမီးဖွားဖွားတွေက သမီးမေမေ ကုန် တိုက်တွေက ၀ယ်လာတဲ့ ကြွပ်ကြွပ်အိပ်အကောင်းလေးတွေကို သပ်သပ်ရပ်ရပ်ခေါက်ပြီးသိမ်းထား တာဟာ ကပ်စေးနဲ့ ကော်တရာ ဇာတ်လမ်းလုပ်နေတာလို့မမြင်ပဲ သဘာ၀ပါတ်၀န်းကျင်ကိုတစ် ဖက်တစ်လမ်းက ထိမ်းသိမ်းနေတာလို့မြင်ပေးရမယ်။ နောက်တစ်ချိန်ကိုယ်ထည့်စရာရှိတဲ့ အခါ ကြွပ်ကြွပ် အိပ်ထပ်မ၀ယ်ရတော့ပဲ ဒီအိပ်ဟောင်းလေးတွေကို ပြန်သုံးလိုက်တော့ အမှိုက်ပြဿနာ ကို တစ်ဖက်တစ်လမ်းက လျှော့ချပြီးသားဖြစ်သွားတာပေ့ါ။
နောက် R တစ်လုံးကတော့ Recycle ။ စွန့်ပစ်ပစ္စည်းတွေကနေ အသုံး၀င်တဲ့ပစ္စည်းဖြစ်အောင် ပြန်လည်ပြုလုပ်ခြင်းပေ့ါ။ ဖေဖေတို့နိုင်ငံမှာဆိုRecycle ပြန်လုပ်ဖို့ အပေါဆုံးက ရေသန့်ဘူးခွံ တွေ ဖြစ်မယ်။ ဖေဖေတို့နိုင်ငံဟာ ရေသန့်ဗူးကို သူများနိုင်ငံတွေထက်ကို ပိုသုံးနေတယ်လို့ထင်တယ်။ ပြီးခဲ့တဲ့နွေရာသီ သမီးတို့ ဘန်ကောက်သွားလည်တုန်းက ဘယ်ဟိုတယ်မှာမှ ရေသန့်ဗူးအလ ကား မပေးဖူး။ အလကားပေးတဲ့ရေက ဖန်ပုလင်းထဲမှာထည့်ပြီးseal ပိတ်ထားတဲ့ရေသန့်လေ။ သူတို့ ရဲ့ကိုယ်ပိုင်ရေသန့်စက်နဲ့ချက်ပြီး ပုလင်းထဲထည့်ပေးထားတော့ မလိုအပ်ပဲ ရေသန့်ဗူးခွံတွေ အမှိုက်တွေ ဘုန်းပေါလအောမဖြစ်တော့ဖူးပေါ့။
အဲဒိဟိုတယ်တွေမှာ မနက်စာ၊နေ့လည်စားရင်လည်း သူတို့ရေသန့်စက်မှာချက်ထားတဲ့ရေသန့်ကို စတီးလ်ရေတကောင်းထဲမှာထည့်ပြီး စားပွဲပေါ်က ဖန်ခွက်ထဲကိုလာထည့်ပေးတာ သမီးမှတ်မိတယ် မလား။ တို့နိုင်ငံမှာကတော့ လူတိုင်းက ထစ်ကနဲရှိ ရေသန့်ဗူး ဆိုတာချည်းပဲ။
တစ်ခါတုန်းက တောကလူကြီးတစ်ယောက်က မြို့ပေါ်ကစားသောက်ဆိုင်ရောက်တော့ ခေါက်ဆွဲ ကြော်တစ်ပွဲမှာစားပြီး စားပွဲထိုးကောင်းလေးကို ရေတစ်ခွက်လောက်တောင်းတယ်တဲ့။ အဲဒိတော့ စားပွဲထိုးကောင်လေးက ရေလိုချင်ရင် ရေသန့်ဗူးပဲရှိတယ်လို့ပြန်ပြောတယ်။ တောကလူကြီးနဲနဲ တော့ ကျွဲမြှီးတိုသွားတာပေ့ါ။ အဲဒါဆိုမင်းတို့ဆိုင်ကလူတွေက ဘာရေသောက်နေသလဲ မင်းတို့ သောက်နေတဲ့ ရေထဲကပဲ တစ်ခွက်ယူခဲ့ကွာလို့ စိတ်တိုတိုနဲ့ပြန်ပြောလိုက်တယ်တဲ့။
ဖေဖေတို့ဆီမှာဖြစ်နေတာက အဲဒါပဲ။ လူတိုင်းက အမြတ်အစွန်းရဖို့ ၊ အလွယ်ပြီးဖို့ပဲ စိတ်ကူးနေကြ တယ်။ ဘေးထွက်ဆိုးကြိုးဆိုတာကို ဘယ်သူမှ ထည့်မစဉ်းစားကြသလိုပဲ။
အဲဒိတော့ သမီးရေ အဓိက ကတော့ တို့လူမှုဘ၀ထဲမှာ အမှိုက်ဖြစ်မဲ့အရာတွေကို လျှော့ချသုံးစွဲရ မယ်ဆိုတဲ့အသိ လူတိုင်းသိအောင်လုပ်ပေးရမယ်။ ဖေဖေ့စာလည်းတော်တော်ရှည်သွားပြီး နောက် တစ်ပါကျရင် အမှိုက်တွေကို ဘယ်လိုစွန့်ပစ်ကြမလဲ ဆိုတဲ့အကြောင်းလေး သမီးကို ဖေဖေ သိသ လောက်ပြောပြမယ်။ အခုသမီးဖတ်ခဲ့သလောက်ကိုလည်း သမီးမိတ်ဆွေသူငယ်ချင်းတွေကို မျှဝေ ပေးလိုက်ဦးနော်။
သမီးကို Clean Yangon လှုပ်ရှားမှုထဲပါ၀င်လာအောင် လက်တွဲခေါ်ခဲ့တဲအဖွဲ့ခေါင်းဆောင် တီချယ်ဆွေမြတ် ဝင်း၊ သမီးသူသယ် ချင်းနဲ့ သူ့အမေ အန်တီတင်မာ၀င်းကိုလည်း ဖေဖေကကျေးဇူးတင်ပါတယ် လို့ပြောပေးပါဦး။
အုန်းမောင်(ဘူမိဗေဒ)
04-06-2020
#CleanYangon
#CleanMyanmar