"မဆစ်နဲ့"
မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့ ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက "မဆစ်နဲ့" ဆိုတဲ့ စကားလေး သမီးရဲ့။
ဟုတ်တယ် သူပြောဖူးတယ်...... " မဆစ်နဲ့"လို့။
ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။ မကွေးဘက်လား၊ မုံရွာဘက်လား၊ ဒါမှမဟုတ် မတ္တရာဘက်လား၊ ဖေဖေ ကောင်းကောင်း မမှတ်မိတော့ဘူး။ အဝေးပြေးကားကြီးနဲ့သွားကြရာက တစ်နေရာ ကားခဏထိုးရပ်လိုက်တဲ့အခါ ရေသန့်ဘူးရောင်းတဲ့ ကလေးမ ကလေးတစ်ယောက် ကားအနားကို ကပ်လာပါလေရောလို့ ဆိုပါတော့။ ရေခဲစိမ်ထားလို့ထင်ပါရဲ့၊ သူ့လက်ထဲက ရေသန့်ဘူး သုံးလေးဘူးဟာ ရေတွေသီးလို့။ ခြစ်ခြစ်တောက်အောင်ပူတဲ့ အညာနေရဲ့ အောက်မှာ "ရေသန့်ဘူး၊ ရေသန့်ဘူး"ဆိုတဲ့ အသံလေးဟာ စာ နေတာပဲ။ နဂိုမူလ ညိုတဲ့အသားကလေးဟာ နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။
ထုံးစံအတိုင်း ဆရာချစ်ဦးညိုက ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်။ ဟဲ့ သမီးလေး ရေသန့်ဘူး ဘယ်လောက်လဲ ဘာညာပေါ့။ ကလေးမကလေးက သုံးရာ တဲ့။ သည်တုန်းက ရေသန့်ဘူးစျေးက နှစ်ရာလောက်ပဲ ရှိတဲ့အချိန်၊ သုံးရာဆိုတော့ နည်းနည်းလေး များသလိုလိုတော့ ရှိတာပေါ့။ အဲသည်မှာ ဆရာချစ်ဦးညိုက ဆစ်တော့တာပါ။ သမီးလေး များတယ်ဟဲ့တဲ့ ၊ နှစ်ရာ့ငါးဆယ်ထားတဲ့။ သူကလည်း ဘာရယ်လို့မဟုတ်ပါဘူး၊ ဆစ်နေကျမို့လို့ပဲလား ကလေးမလေးကို ကျီစားချင်လို့ပဲလား၊ တစ်ခုခုကြောင့် ဆစ်လိုက်ပုံ ရပါတယ်။
အဲသည့်အချိန်မှာ မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ အသံ ထွက်လာတာပါ။ " ငချစ် ... မဆစ်နဲ့ကွ" တဲ့။ သူတို့အချင်းချင်း ချစ်စနိုးစကားဆိုတဲ့အခါ မောင်စိန်ဝင်း(ပုတီးကုန်း)ကို ဂွစာတဲ့၊ ဆရာချစ်ဦးညိုကို ငချစ်တဲ့ အပြန်အလှန်ခေါ်နေကြမို့ ဖေဖေတို့ကတော့ နားယဉ်ပြီးသားပါ။ ထား... အဲတာက အရေးမကြီးလှပါဘူး။ မဆစ်နဲ့ဆိုတာက အရေးကြီးတာပါ။ နင်လား ငါလားအနေအထားနဲ့ ဘဝကို ကျားကုတ်ကျားခဲ ရုန်းကန်နေတဲ့ ကလေးတွေကို ပိုက်ဆံကလေး ငါးဆယ်တစ်ရာ များသွားရုံနဲ့ မဆစ်နဲ့လို့ လှမ်းတားလိုက်တာက အရေးကြီးတာပါ။ သည်လို သဘောထားမျိုးကို ဖေဖေ သိပ်ကြိုက်သွားတယ်။
ဆရာချစ်ဦးညိုကလည်း သိပ်ကြိုက်သွားပုံ ရပါတယ်။ အေးပါကွာ အေးပါကွာလို့ ဆိုပြီး ကလေးမလေးပြောတဲ့အတိုင်း ရေသုံးလေးဘူး ပေးဝယ်လိုက်တော့တာပါ။ အရပ်ထဲမှာ တစ်ပုလင်း၁၅၀၀ထက်မပိုတဲ့ ဘီယာပုလင်းကို လေဆိပ်ထဲက ပြည်ပထွက်ခွာ အခန်းထဲမှာ ၅၀၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။ အရပ်ထဲမှာ ၆၀၀လောက်ပဲတန်တဲ့ ဘီယာဘူးကို လေယာဉ်ပေါ်မှာ ၁၅၀၀ပေးပြီး သောက်ခဲ့ရဖူးပါတယ်။ ရေနွေးကြမ်းတစ်ခွက် ၅၀၀လည်း ဖေဖေတို့ သောက်ခဲ့ကြရတာပဲ မဟုတ်လား။
သူ့နေရာ သူ့ဒေသအလိုက် အဟန့်နဲ့ အခန့်နဲ့ တောင်းဆိုတဲ့ နှုန်းတွေကိုတောင် ဖေဖေတို့ ဆစ်ခွင့်မရဘဲ စားသုံးခဲ့ကြတာပဲ ဥစ္စာ။ ဘာဖြစ်လို့ မိုးထဲလေထဲက ရုန်းရုန်းကန်ကန်ဘဝတွေကို ဘာကြောင့်များ တိတိကျကျကြီး ဆစ်နေတော့မှာလည်း။ ဖေဖေ့အသိတစ်ယောက် ဂျာနယ်ဝယ်ပုံကလေးကလည်း စိတ်ဝင်စားစရာကောင်းတယ်။ မီးပွိုင့်မိလို့ ဂျာနယ်သမားလေးတွေ ရောက်လာတဲ့အခါ ဝယ်တော့တာပဲ။ ၇၀၀တဲ့။ ရပ်ကွက်ထဲမှာ ၆၀၀ သမီးရဲ့။ သူက ကိုယ်လည်းဆင်းရဲနေတာမှ မဟုတ်တာဗျာ တဲ့။ ကားလမ်းပေါ်မှာ ရပ်နေရရှာတာက ၁၀၀မက တန်ပါတယ်တဲ့။ ။ တမင်တကာ အားပေးတာပါတဲ့။ ရပ်တည်မှုလေးနည်းနည်း အသက်ရှူချောင်ပါစေပေါ့။
တစ်ခါက ပြောင်းဖူးပြုတ်ရောင်းတဲ့ မိန်းမရွယ်ကလေးတစ်ဦး ဖေဖေတို့အိမ်တံစက်မြိတ်မှာ ပြောင်းဖူးပြုတ်တောင်းကိုချတော့ တိုတိုကလေးညှပ်ထားတဲ့ သူ့ဆံပင်လေးတွေကို ကြည့်ပြီးမေးမိတယ်။ ဆံပင်တွေညှပ်ထားတာလားပေါ့။ သူက ပြောင်းဖူးပြုတ်တောင်းက ပူလို့တဲ့ ။ ဆံပင်တွေ ကျွတ်လွန်းလို့ ညှပ်ထားတာတဲ့။ အဝတ်စကို ဖယ်တဲ့အခါ ပြောင်းဖူးပြုတ်တွေဆီကနေ အငွေ့လေးတွေထွက်လာတော့ ဖေဖေ့ရင်ထဲမှာ နာလိုက်တာ။
ဘယ်တော့မှ မဆစ်ဘူး။ မဆစ်ချင်ဘူး။ မဆစ်ရက်ဘူး။ ဘဝတစ်ဝမ်းတစ်ခါးကို ခြေကုန်လက်ပန်းကျမတတ် ကူးခတ်နေရတဲ့သူတွေ ရှိပါတယ်။ သူတို့ကို ဘယ်တော့မှ ဖေဖေ မဆစ်ချင်တော့ဘူး။ ပိုသွားပါစေ သမီးရယ်။ သာသွားပါစေ။ ကားအရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။ အိမ်အရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။ လက်ဝတ်လက်စား အရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။ ချွေး ကို ဆစ်ဖို့ရာ ခက်လွန်းပါတယ်။
#Credit ဆရာ မောင်သာချို